
တောဘူတာရုံဝန်ထမ်း ၂ဦး
မီးရထားသံလမ်းအတိုင်း
သူတို့နှစ်ယောက်ဆက်လျှောက်ခဲ့။
ဘာအကြောင်းအရာရယ်လို့
အတိအကျမရှိပါဘူး
ရောက်တတ်ရာရာတွေပဲပေါ့လေ
သူတို့ပြောကြ။
ဒိုင်နိုဆောတွေ
ဘာကြောင့်မျိုးတုံးခဲ့ရတယ်ဆိုတာနဲ့
မှိုစိုက်ပျိုးနည်း၊ ကဗျာလွတ်အက
မိန်းမတွေရဲ့ခန္ဓာဗေဒအကြောင်းလည်းပါရဲ့။
သူတို့ပတ်ဝန်းကျင်
သူတို့အထက်မိုးကောင်းကင်မှာ
စစ်ရိပ်စစ်ငွေ့တွေမရှိပါဘူး
တိမ်စိုင်ပါးပါးနဲ့ ပျံလွှားငှက်တစ်အုပ်
ခပ်လှမ်းလှမ်းမှာ မြစ်တစ်စင်း။
တဖြည်းဖြည်းဝေးပြီး မှုန်ဝါးတဲ့
သူတို့ရဲ့မျက်စိတစ်ဆုံး
အဝေးဆုံးထိရောက်ကြ။
သူတို့ပါးစပ်ထဲတွေ့ကရာတွေပြောရင်း
နောက်ထပ်အဝေးဆုံးရှိရာသို့
ဆက်လျှောက်ကြ။
နောက်ထပ်
နောက်ထပ် အဝေးဆုံးဆီ။ ။
- ပိုင်စိုးဝေ