
မိဘပြည်သူများရှင် ကျွန်မတို့ရာမညပြည်သူ့FMကနေ ပြည်ထောင်စုရဲ့အနှစ်သာရ ပင်လုံစာချုပ်အကြောင်း ဆွေးနွေးထားတဲ့ "ဖက်ဒရယ်ပြည်ထောင်စုဆီသို့ "ဆောင်းပါးကို တင်ဆက်ပေးခဲ့တာဟာ ဒီအပတ်မှာဆိုရင် အပိုင်း - ၄ ကို တင်ဆက်ပေးဖို့ ကျရောက်လာပါပြီ။ ယခင်တပတ်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းက ဗမာပြည်မလွတ်လပ်ရေးနဲ့အတူ တောင်တန်းဒေသများကိုပါ အတူတကွ ပူးတွဲလွတ်လပ်ရေးပေးဖို့ ဗြိတိသျှဘုရင်ခံ အက်တလီနဲ့ လန်ဒန်မှာ တွေ့ဆုံခဲ့တဲ့အပေါ် ရှမ်းစော်ဘွားများနှင့် ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့ (ရပလ) တို့၏ သဘောထားများကို တင်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒီတပတ်မှာတော့ အဲဒီလို ရှမ်းစော်ဘွားများရဲ့ ကြေးနန်းစာနဲ့ ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့ လူငယ်များရဲ့ ကြေးနန်းစာများက ဗမာပြည်မနဲ့အတူ တောင်တန်းဒေသများရဲ့ လွတ်လပ်ရေးအတွက် ဘယ်လို သက်ရောက်ခဲ့လဲဆိုတာကို တင်ပြပေးသွားပါမယ်ရှင်….။
ထိုသို့ ရှမ်းစော်ဘွားများက ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ဗမာပြည်မကိုယ်စားလှယ်ကို ကိုယ်စားမပြုကြောင်းနှင့် ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့က ဗိုလ်ချုပ်အောင်ဆန်း၏ ဗမာပြည်မနှင့်အတူ တောင်တန်းဒေသကို တပါတည်းလွတ်လပ်ရေးပေးဖို့ တောင်းဆိုချက်ကို ထောက်ခံကြောင်း ကြေးနန်းစာများကြောင့် အောင်ဆန်း-အက်တလီစာချုပ်တွင် နယ်ခြားဒေသ (တနည်း) တောင်တန်းဒေသများနှင့် ဗမာပြည်မ ပေါင်းစည်းရေးကို ဗြိတိန်ဘုရင်မင်းမြတ်ကလည်း သဘောတူကြောင်း၊ သို့သော် တောင်တန်းဒေသနှင့် ဗမာပြည်မတို့နှစ်ဦးနှစ်ဖက် လက်ခံသဘောတူသောနည်းဖြင့် ပေါင်းစည်းကြရမည်ကို ရည်ရွယ်သောကြောင့် အောင်ဆန်း - အက်တလီစာချုပ် ပုဒ်မ (၈)တွင် နယ်ခြားဒေသများနှင့် ဗမာပြည်မရှိလူများသည် အတားအဆီးမရှိဘဲ ကူးလူးဆက်ဆံခွင့်၊ နယ်ခြားကိစ္စများတွင် ဘုရင်ခံကို အကြံပေးရန် နယ်ခြားကိုယ်စားလှယ် ခန့်အပ်ခြင်း (သို့မဟုတ်) အခြားနည်းများဖြင့်သော်လည်းကောင်း၊ နယ်ခြားဒေသများက မိမိတို့ထင်မြင်ယူဆသော ဗမာအစိုးရနဲ့တွက်ဖက်ပုံနှင့်ပတ်သက်၍ မိမိတို့ထင်မြင်သလို ထုတ်ဖော်ပြောဆိုနိုင်ရန် နောက်လဆန်းတွင် ကျင်းပမည့် ဝန်ကြီးကွန်ဖရင့်တွင်ဖြစ်စေ၊ ယခုကိစ္စအတွက် ကွန်ဖရင့် (Conference) သီးသန့်ကျင်းပ၍ဖြစ်စေ နယ်ခြားခေါင်းဆောင်ကိုယ်စားလှယ်များကို မေးမြန်းရမည်၊ ဗမာပြည်မအစိုးရနှင့် အင်္ဂလိပ်အစိုးရနှစ်ခုစလုံးက နယ်ခြားဒေသခေါင်းဆောင်များ၏ ထင်မြင်ယူဆချက်များကို ဖြည့်စွက်ရန် အကောင်းဆုံးနည်းလမ်းကို သဘောတူလက်ခံရမည်၊ ဗမာပြည်မနှင့် နယ်ခြားဒေသပေါင်းစည်းရေးအတွက် လိုအပ်သည်များ ဆောင်ရွက်ရန် စုံစမ်းရေးကော်မတီတခုကို ဖွဲ့စည်းကြရမည် ဟု သဘောတူချုပ်ဆိုရေးသားခဲ့လေသည်။
ဤသို့ အောင်ဆန်း - အက်တလီစာချုပ်တွင် ချုပ်ဆိုခဲ့ကြပြီး သဘောသဘာဝ အနှစ်ချုပ်အားဖြင့် ဗမာပြည်မနှင့် တောင်တန်းဒေသများက အတူတကွလွတ်လပ်ရေး ရယူမည်ဆိုပါက မတူညီသော နိုင်ငံရေးအခြေအနေ၊ အုပ်ချုပ်ရေးစနစ်များကြောင့် မည်သို့မည်ပုံပေါင်းစည်းကြမည်ကို ဆွေးနွေးရန်လိုအပ်မည်ဖြစ်သည်။ ထို့ကြောင့် ကချင်တောင်တန်းဒေသကိုယ်စားလှယ်များ၊ ချင်းကိုယ်စားလှယ်များ၊ ရှမ်းကိုယ်စားလှယ်များနှင့် ဗမာပြည်မကိုယ်စားလှယ်များသည် လွတ်လပ်ရေးအတွက် ဆွေးနွေးရန်အတွက် အသီးသီး ပင်လုံညီလာခံသို့ တက်ရောက်လာခဲ့ကြပါတယ်…..။ ထိုညီလာခံကို ဒုတိယအကြိမ် ပင်လုံညီလာခံဟုခေါ်ဆိုပြီး ဖေဖော်ဝါရီလ (၃) ရက်နေ့မှ (၁၃) ရက်နေ့အထိကျင်းပခဲ့ပြီး ဖေဖော်ဝါရီလ (၁၂) ရက်နေ့မှာ တောင်တန်းနဲ့ပြည်မပူးပေါင်းရေးစာချုပ်၊ ပြည်ထောင်စုရဲ့အုတ်မြစ်ဖြစ်တဲ့ ပင်လုံစာချုပ် ကို ချုပ်ဆိုခဲ့ကြပါတယ်…..။
ကိုးကား -
(၁) “ပင်လုံကတိကဝတ်များ” ၊ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း၊ တိုင်းရင်းသားရေးရာ သုတေသနအဖွဲ့၊ ဒီဇင်ဘာ (၁၃)၊ ၂၀၁၃ ခုနှစ်
(၂) “ပင်လုံလက်စွဲ” ၊ ခွန်ဦးရယ် (ပင်လုံလက်စွဲပြုစုရေးအဖွဲ့ခေါင်းဆောင်) ၊ ဇွန် (၇) ၊ တိုင်းရင်းသားရေးရာ သုတေသနအဖွဲ့၊ ၂၀၁၈ ခုနှစ်
(၃) “၂၁ ရာစုပင်လုံစိတ်ဓါတ်မှသည် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဆီသို့” ၊ ခွန်မတ်ရ်ကိုဘန်း၊ တိုင်းရင်းသားရေးရာ သုတေသနအဖွဲ့၊ ဇန်နဝါရီလ၊ ၂၀၁၄ ခုနှစ်
"ညီညွတ်ခြင်းတို့ရဲ့အသံ ရာမညပြည်သူ့FM"
#ဖက်ဒရယ်ပြည်ထောင်စုဆီသို့
#ဆောင်းပါး
#ဗမာဘာသာ
#ရာမညပြည်သူ့FM