
ကိုလိုနီနယ်ချဲ့တို့ဟာ ကချင်တောင်တန်းများဒေသကို Kachin Hills Regulation၊ ချင်းတောင်တန်းများဒေသကို Chin Hills Regulation၊ရှမ်းပြည်ကိုမူ Federated Shan State Act၊ ဗမာပြည်မအတွက် Burma Act တို့ကို အသီးသီးပြဌာန်းက သီးခြားနယ်မြေများအဖြစ် အုပ်ချုပ်ခဲ့ကြပါသည်။ ထိုသို့ကိုလိုနီလက်အောက်သို့ မကျရောက်ခင် ကချင်လူမျိုးများနှင့် မြန်မာဘုရင်များ၏ ဆက်ဆံမှုအခြေအနေများကို ဦးစွာတင်ပြလိုပါသည်။ မြန်မာဘုရင်များသည် ကချင်လူမျိုးများကို ခေတ်အဆက်ဆက် အုပ်စိုးနိုင်ခဲ့ခြင်းမရှိခဲ့ပါ။ တန်ခိုးအာဏာကြီးမားလှသည်ဟုဆိုရမည့် မင်းများလက်ထက်တွင်မူပင်လျှင် ဧရာဝတီမြစ်ကြောင်း(ရေကြောင်း) ခရီးဖြင့်တွက်ဆလျှင် အထက်သို့ ဗန်းမော်၊ကောင်းတုံအထိ၊ ကုန်းလမ်းခရီးဖြင့်ဆိုလျှင် မိုးညှင်း၊ မိုးကောင်းအထိသာ အာဏာပျံ့နှံခဲ့သည်။ မြိုစားများထားလေ့ရှိသော ထိုခေတ်အခါက ယင်းမြို့နယ် မြို့စားများသည် ရှမ်းဗမာများသာဖြစ်ခဲ့ကြပါသည်။ ထိုအပြင် မင်းဆက်တိုင်းလည်း ထိုဒေသများကို အုပ်စိုးနိုင်ခဲ့ခြင်းလည်း မရှိခဲ့ပါချေ။
သို့သော် ကချင်လူမျိုးများသည် မြန်မာဘုရင်များ၏ ဩဇာခံမဟုတ်သော်လည်း မြန်မာဘုရင်များနှင့်လက်တွဲကာ အရေးကြီးသောစစ်ပွဲများတွင် ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြသည်။ ဥပမာဆိုရသော် မြန်မာ-အာသံ၊အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲများ၌ မြန်မာဘက် စစ်သူကြီးမဟာဗန္ဓုလ နှင့်အတူ ထိပ်ဆုံးမှနေ၍ တိုက်ခိုက်ခဲ့သူများထဲတွင် ဟူးကောင်းနယ်၊ ကချင်ဒူဝါတဦးဖြစ်သည့် ဒိုင်ဖာဒူဝါ နှင့် ကချင်စစ်သည်တော် အမြောက်အများပါဝင်ခဲ့ကြပါသည်။ ဒိုင်ဖာဒူဝါ သည် သီဟသူရဘွဲ့မှစ၍ လက်ျာကျော်ထင်ဘွဲ့များအထိ ရရှိခဲ့သည်။ ၎င်းဘွဲတံဆိပ်တော်များနှင့် စစ်သုံးဓါးများသည် ယခုတိုင်သူ၏မြေးမြစ်များလက်ထက်ထိ ကျန်ရစ်ခဲ့သည်။ ဤသို့ ကချင်လူမျိုးနှင့် မြန်မာဘုရင်များ၏ ဆက်ဆံရေးအပြင် နယ်ချဲ့ကိုလိုနီများကို လွတ်လပ်ရေးရရှိရန် စုပေါင်းအားဖြင့် တိုက်ထုတ်ခဲ့ကြသည့် ပြည်ထောင်စုစိတ်ဓါတ်ကို လှစ်ဟာမြင်လိုက်ရပြီဖြစ်ပါသည်။
အထက်ဗမာပြည်ကို အင်္ဂလိပ်တို့သိမ်းပြီး၍ မြစ်ဖျားသို့ ချီတက်ရာတလျှောက် အင်္ဂလိပ်တို့သည် ကချင်မျိုးချစ်တပ်မတော်များ၏ တိုက်ခိုက်မှုကိုခံရပြီး ၁၉၂၇ ခုနှစ်တွင်မှ မြောက်ပိုင်းတြိဂံနယ်ကို သိမ်းပိုက်နိုင်ကာ ကချင်နှင့်အင်္ဂလိပ်တို့စစ်ပွဲလည်း ပြီးဆုံးခဲ့သည်။ အင်္ဂလိပ်ခေတ်ပြီး၍ ဂျပန်တပ်တို့ဝင်လာသော ၁၉၄၁ ခုနှစ်တွင်လည်း ကချင်ပြောက်ကျားတပ်များ၏ အစွမ်းအစကို ဂျပန်တပ်များ မခံနိုင်သည်ကို သမိုင်းမှတ်တမ်းများက အလီလီအထွေထွေ ပြဆိုခဲ့ကြသည်ပင်ဖြစ်သည်။
ထိုသို့ လူမျိုးအသီးသီးကွဲပြားစွာဖြင့် ကချင်၊ ရှမ်း၊ ချင်းတို့သည်လည်ကောင်း ကိုလိုနီနယ်ချဲ့ကို တော်လှန်နေကြခဲ့ရာမှ လွတ်လပ်ရေးရရှိမည့်အချိန်၊ ပြည်ထောင်စုအဖြစ်မွေးဖွားပေးမည့်အချိန်သို့ ရောက်ရှိခဲ့လေပြီ။ ထိုအချိန်ကား ၁၉၄၅ ခုနှစ်၊ အောက်တိုဘာလတွင် မိုင်းပွန်စော်ဘွားကြီးစပ်စံထွန်း၏ မဟာဒေဝီအသုဘအခမ်းအနားသို့ အရပ်ရပ်မှ စော်ဘွားကြီးများ တက်ရောက်လာခဲ့ကြသည့် အခါပင်ဖြစ်တော့သည်။ ထိုစဉ်စော်ဘွားများက ကမ္ဘာ့အခြေအနေ၊ ဗမာ့အခြေအနေများကို ဆွေးနွေးကြရင်း မိမိတိုရှမ်းပြည်လည်း အနာဂတ်အတွက် မည်သို့ဆောင်ရွက်ကြမည်ကို ထည့်သွင်းစဉ်းစားရန် အချိန်ရောက်နေပြီဖြစ်ကြောင်း သဘောပေါက်ခဲ့ကြသည်။
စော်ဘွားကြီးများအားလုံးက မိုင်းပွန်စော်ဘွားကြီးအား နည်းလမ်းရှာဖွေရန် တာဝန်ပေးခဲ့လိုက်သည်။ မိုင်းပွန်စော်ဘွားကြီးက ၁၉၄၆ ခုနှစ် ဇန်နဝါရီလ (၃၁) ရက်နေ့တွင် စော်ဘွားများကောင်စီ အစည်းအဝေးတရပ်ကို ကျင်းပရန် မိုင်းကိုင်မြို့သို့ ဖိတ်ခေါ်ခဲ့သည်။ ယင်းမိုင်းကိုင်မြို့ စော်ဘွားကြီးများအစည်းအဝေးတွင် စော်ဘွားများဆွေးနွေးကြရာမှ လာမည့် မတ်လတွင် ကျရောက်မည့် လဲချားနယ်၊ ပင်လုံမြို့ဘုရားပွဲတွင် “ရှမ်းပြည်နယ် လက်မှုပြပွဲ” တရပ်ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။ ကုန်ကျစရိတ်များကို လဲချားစော်ဘွားကြီးမှ တာဝန်ယူခဲ့သည်။ “ရှမ်းပြည်နယ် လက်မှုပြပွဲ” ဟု အမည်တပ်ခေါ်သော်လည်း ယင်းပြပွဲသို့ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလခေါင်းဆောင်များ၊ ဗမာပြည်မမှ အခြားနိုင်ငံရေးခေါင်းဆောင်များ၊ တောင်တန်းဒေသမှ ကချင်၊ ချင်း၊ ကရင်နီ ခေါင်းဆောင်များကိုလည်း ဖိတ်ကြားခဲ့ပါသဖြင့် နိုင်ငံရေးအသွင်လက္ခဏာအပြည့်အဝဆောင်သည်။ ယင်းပြပွဲကို “ပထမ ပင်လုံညီလာခံ” ဟု အမည်ကင်ပွန်းတပ် ခေါ်ဝေါ်သတ်မှတ်ပါသည်။
ပထမပင်လုံညီလာခံကို ပင်လုံမြို့တွင် ၁၉၄၆ ခုနှစ်၊ မတ်လ (၁) ရက်နေ့မှ (၁၂) ရက်နေ့အထိ ကျင်းပခဲ့သည်။ ညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်းက ရခိုင်ဘက်သို ခရီးလွန်နေသဖြင့် ဗိုလ်ချုပ်အောင်ဆန်းကိုယ်စား ဦးနု၊ ဦးဘဂျမ်း၊ မန်းဘခိုင်၊ ဦးဘအေး၊ သထုံဦးလှဖေအပြင် ဂဠုန်ဦးစောလည်း တက်ရောက်ခဲ့သည်။ ညီလာခံတွက် ရှမ်းပြည်မှ ဦးထွန်းမြင့်(လင်းခေး)၊ ဦးတင်အေးတို့ ဟောပြောကြသည်။ ဦးနုက ရှမ်း-ဗမာ ချစ်ကြည်ရေး သမိုင်းကိုလည်းကောင်း၊ ဂဠုန်ဦးစောက ဒိုမီနီယံ အုပ်ချုပ်ရေးအကြောင်း ဟောပြောကြသည်။