
၁၉၄၆ ခုနှစ် မတ်လ (၁) ရက်နေ့မှ မတ်လ (၁၂) ရက်နေ့အထိ ပထမပင်လုံညီလာခံတွင် အမျိုးသားခေါင်းဆောင်များ ချစ်ကြည်းရင်းနှီးမှု ရရှိခဲ့ကြပြီး ဗမာပြည်မသည် လွတ်လပ်ရေးကို ဦးစွာရရန်အကြောင်းဖန်လာခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသော ဗမာပြည်မ အစိုးရအဖွဲကိုယ်စားလှယ်များကို ၁၉၄၇ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့တွင် အက်တလီ၏ ဖိတ်ခေါ်ချက်အရ လန်ဒန်မြိုသို ထွက်ခွါခဲ့ကြသည်။ ထိုသို နှစ်ဖက် တွေ့ဆုံစဉ် ဗိုလ်ချုပ်အောင်ဆန်းက ဗမာပြည်မနှင့်အတူ တောင်တန်းဒေသများကိုပါ တပါတည်း လွတ်လပ်ရေးပေးရန် အရေးဆိုလေသည်။
ထိုအခါ ရှမ်းစော်ဘွားများက ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာပြည်မကိုသာ ကိုယ်စားပြုပြီး ရှမ်းပြည်နှင့်တောင်တန်းဒေသများကို ကိုယ်စားမပြုကြောင်း ကြေးနန်းစာပေးပိုခဲ့သည်။ ကြေးနန်းစာပါ အချက်များအနေဖြင့်
(၁) ဗမာမင်းများလက်ထက်ကတည်းက ရှမ်းပြည်သည် သီးခြားနယ်အဖြစ်တည်ရှိနေကြောင်း
(၂) ဗမာပြည်မအား လွတ်လပ်ရေးပေးရန်ဆုံးဖြတ်ပါက ဖက်ဒရယ်ရှမ်းပြည်သည်လည်း အလားတူ အခွင့်အရေးရသင့်ကြောင်း၊
(၃) ရှမ်းပြည်သည် ဗမာပြည်မနှင့် ပူးပေါင်းရန် အချိန်မကျရောက်သေးကြောင်း
(၄) စော်ဘွားများအား အုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေးများတွင် စီမံခန့်ခွဲခွင့်ကို အပ်သင့်ကြောင်း
(၅) ရှမ်းပြည်နှင့် နယ်ချင်းစပ်နေသော တိုင်းပြည်များနှင့်လွတ်လပ်စွာဆက်ဆံခွင့်ပေးသင့်ကြောင်း
(၆) ရှမ်းပြည်သည်အခြားတောင်တန်းဒေသများနည်းတူ နယ်ခြားဒေသအုပ်ချုပ်ရေး၏ ဘောင်အတွင်း၌သာ နေထိုင်လိုကြောင်း
(၇) ဗမာပြည်မနှင့်ပူးပေါင်းရမည်ဆိုပါက ရှမ်းပြည်အတွက် လုံးဝကိုယ်ပိုင်အုပ်ချုပ်ရေး ရရှိမည်ဟူသော မူဖြင့်သာ ဆွေးနွေးလိုကြောင်း
(၈) ပြည်ထောင်စုနိုင်ငံအတွင်းမှ ခွဲထွက်လိုလျှင် ခွဲထွက်နိုင်ခွင့်ကို နောင်ရေးဆွဲမည့် ဖွဲစည်းပုံအခြေခံဥပဒေတွင် အာမခံချက်ပေးရမည်ဖြစ်ကြောင်း ဟူ၍ ပါရှိပါတယ်။
ထိုသို ရှမ်းစော်ဘွားများက ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ဗမာပြည်မအစိုးရသည် ရှမ်းပြည်အတွက် ကိုယ်စားမပြုကြောင်း ဗြိတိသျှ အစိုးရထံ ကြေးနန်းစာပေးပိုကြောင်း ရှမ်းပြည်လွတ်လပ်ရေးအဖွဲ (ရပလ)က ကြားသိရသည့်အခါ တောင်ကြီးမြိုစျေးနေ့တွင် ပြည်သူလူထု (၂၀၀၀) ခန့်ကို စုစည်း၍ လူထုအစည်းအဝေးတရပ်ကျင်းပခဲ့သည်။
ထိုလူထုအစည်းအဝေးတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာပြည်မနှင့် တောင်တန်းဒေသများကိုပါ တပါးတည်လွတ်လပ်ရေးပေးရန် လန်ဒန်တွင် အရေးဆိုနေကြောင်း၊ ထိုကြောင့် ဗမာပြည်မနှင့်အတူ ရှမ်းပြည်ကိုပါ လွတ်လပ်ရေး တပြိုင်တည်း ချက်ချင်းပေးရန် ဗိုလ်ချုပ်အောင်ဆန်းအား တညီတညွတ်တည်း ထောက်ခံကြောင်း အဆိုတင်သွင်းပြီး အတည်ပြုသည့် ကြေးနန်းစာတစောင်ကို ဗြိတိသျှ အစိုးရကို ပေးပိုခဲ့ပြန်သည်။
ရှမ်းပြည်လွတ်လပ်ရေးအဖွဲက ပေးပိုသည့် ကြေးနန်းစာအချက်များအနေဖြင့်
(၁) ဗိုလ်ချုပ်အောင်ဆန်းကို ရှမ်းပြည်လူထုက ထောက်ခံကြောင်း
(၂) ဗမာပြည်နှင့်အတူ ရှမ်းပြည်ကို လွတ်လပ်ရေးတပြိုင်တည်းချက်ချင်းပေးရန် တညီတညွတ်တည်း တောင်းဆိုကြောင်း
(၃) ရှမ်းပြည်လူထုသည် ပဒေသရာဇ်စနစ်အောက်မှ မနှေးအမြန်လွတ်မြောက်ရေးကို တောင်းဆိုကြောင်း စသဖြင့် ပါရှိပါတယ်။
ကိုးကား -
(၁) “ပင်လုံကတိကဝတ်များ” ၊ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း၊ တိုင်းရင်းသားလူမျိုးရေးရာ သုတေသနအဖွဲ့၊ ဒီဇင်ဘာ (၁၃)၊ ၂၀၁၃ ခု
(၂) “ပင်လုံလက်စွဲ” ၊ ခွန်ဦးရယ် (ပင်လုံလက်စွဲပြုစုရေးအဖွဲခေါင်းဆောင်) ၊ ဇွန် (၇) ၊ ၂၀၁၈ ခု
(၃) “၂၁ ရာစုပင်လုံစိတ်ဓါတ်မှသည် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆီသို့” ၊ ခွန်မတ်ရ်ကိုဘန်း၊ တိုင်းရင်းသားလူမျိုးရေးရာ သုတေသနအဖွဲ့၊ ဇန်နဝါရီလ၊ ၂၀၁၄ ခုနှစ်