
နွေဦးထဲက ကဗျာ၊ ကဗျာထဲက နွေဦး (၁၁၉)
ဗညားမော်
နွေဦးမှာ ကဗျာဆရာတွေ အဖမ်းခံရ ထောင်သွင်း အကျဉ်းချခံကြရပါတယ်။ နွေဦးမှာ ကဗျာဆရာတွေ လမ်းပေါ်ဆန္ဒပြပွဲတွေအတွင်း သေနတ်မှန်ကျဆုံးကြရပါတယ်။ မုံရွာမြို့ ဘုရားနီလမ်းပေါ်မှာ သေနတ်မှန်လဲကျသွားတဲ့ ကျွန်တော်တို့ရဲ့ ကဗျာဆရာ ကေဇဝင်းကို စစ်သားတွေက တရွတ်တိုက်ဆွဲ စစ်ကားပေါ်တင်သွားတဲ့ ဗီဒီယိုဖိုင်ကို ကြည့်ကြရတဲ့ အခိုက် သူ့မိတ်ဆွေတွေဟာ ကဗျာဆရာမှန်းမသိကြရ။ နောက်မှ ဒီရက်စက်ပက်စက်တဲ့ မြင်ကွင်းထဲက သားကောင်ဟာ ကဗျာဆရာ ကေဇဝင်းမှန်း သိကြရတယ်။ ၂၀၂၁ မတ်လ ၃ ရက်။ ကဗျာဆရာမ ကြည်လင်အေး အဲ့ဒီဆန္ဒပြပွဲမှာပဲ ကျဆုံးတဲ့ သတင်းတက်လာတယ်။ ကေဇဝင်းရဲ့ သတင်းက နောက်နေ့မှ သိကြရတယ်။ ဒီလိုပဲ အဖမ်းခံရတဲ့ ကဗျာဆရာ ခက်သီဟာ လက်မရွံ့ သားသတ်သမား စစ်သားတွေရဲ့ လက်မှာ ကျဆုံးသွားတယ်။ တချို့ကဗျာဆရာတွေဟာ မီဒီယာတာဝန်ထမ်းဆောင်ရင် တိုက်ပွဲနယ်မြေမှာ ထိမှန်ကျဆုံးရ။ လေးကေကော်မှာ အေစိုင်းကေ လက်နက်ကြီးထိမှန်ကျဆုံး။ တချို့ သေနတ်ကိုင်တိုက်ပွဲဝင်ရင်း ကျဆုံးရ။ ကျောင်းဆရာ ကဗျာဆရာ မောင်ပို။ နောက်ထပ် နောက်ထပ် ထပ်တိုး ကဗျာဆရာတွေရဲ့ စာရင်းကို ကျွန်တော်တို့ ထပ်ပြီး အတည်ပြု မှတ်တမ်းတင်ကြရပါလိမ့်မယ်။ ဒါတွေကို ကျွန်တော်ဟာ ဒီနှစ် မတ်လ ၂၁ ရက် ကမ္ဘာ့ကဗျာနေ့မှာ ပြန်ပြောင်း တွေးတော့နေမိတာပါ။ ကဗျာဆရာတွေ စစ်ထဲကို ကာယကံမြောက် ပါဝင်ကြ၊ ကျဆုံးကြရတာဟာ သမိုင်းမှတ်တမ်းစာမျက်နှာတွေ လှန်လှောဖတ်ရင်လည်း အရှာရခက်တာမျိုး မဟုတ်။ စစ်သားတွေက ကဗျာရေးတာ မဆန်းသလို ကဗျာဆရာတွေ မလွှဲမရှောင်သာ စစ်ထဲဝင်သွားကြရတာလည်း အဆန်းတော့ မဟုတ်။
မြသန်းတင့် မြန်မာပြန်တဲ့ ရုရှားစာရေးဆရာ အီလျာအာရင်ဘတ်ရဲ့ လူများ၊ သက္ကရာဇ်များ - ဘဝ ဆိုတဲ့ စာအုပ်ဟာ ရုရှားတော်လှန်ရေး၊ ပထမကမ္ဘာစစ်၊ စပိန် ပြည်တွင်းစစ်၊ ဒုတိယကမ္ဘာစစ် စတဲ့ စစ်မြေပြင်တွေမှာ သူကြုံရတဲ့ အမှတ်ရချက်တွေက ပေါ်လွင်တဲ့ ကဏ္ဍမှာ ရှိနေတယ်။ အဲ့ဒီထဲ ပထမကမ္ဘာစစ်ထဲ ပြင်သစ်ကဗျာဆရာ ဂျာမန်နဲ့တိုက်ပွဲ စစ်မြေပြင်မှာ ကျဆုံးပုံကို သူက ဒီလို ရေးတယ်။ “ကဗျာဆရာ အယ်ပိုလင်နဲယားလည်း စစ်ထဲဝင်ရပါသည်။ သူ၏ ကတုတ်ကျင်းသို့ စာတွေ ရောက်လာတတ်ပါသည်။ အယ်ပိုလင်နဲယားသည် နောက်ဆုံးရောက်လာသည့် ‘ပြင်သစ်မာကျူရီ’ မဂ္ဂဇင်းကို လှန်ဖတ်ပါသည်။ ထိုမဂ္ဂဇင်းထဲတွင် သူ့ဆောင်းပါး တပုဒ် ပါပါသည်။ ထိုစဉ် သူ့ခေါင်းကို အမြောက်ကျည်ဆန် ထိမှန်သွားပါသည်။”
ကျွန်တော်တို့ရဲ့ နွေဦးတော်လှန်ရေးမျာ ကျဆုံးသွားတဲ့ ကဗျာဆရာတွေရဲ့အကြောင်းကို လက်လှမ်းမီ တွေ့ကြုံကြတဲ့ သူတို့ရဲ့ မိတ်ဆွေတွေက တချိန်ကျရင် ကျကျနန ရေးထိုး မှတ်တမ်းတင်ကြရလိမ့်မယ်။ ခုနှစ် ကဗျာနေ့မှာ ကဗျာဆရာ အောင်ဝေးက “World Poetry Day တဲ့/ ရက်ဂေးတပုဒ်ရေးမယ်/ သားရီး” လို့အစချီပြီး ကဗျာဟာ သေနတ်ပြောင်းဝက ထွက်တယ် လို့ ခေါင်းစဉ်တပ်ထားတဲ့ ကဗျာတပုဒ်ကို ရေးတယ်။ ဒီကဗျာထဲ နွေဦးမှာ တောထဲ တောင်ထဲ တိုက်ပွဲထဲ အကျနာရတဲ့ ကဗျာဆရာတွေအကြောင်း ရေးသလို ကဗျာဆရာဟာ နေသာရာ အရက်သီချင်းဆိုင်ထဲမှာ အနာကျနေတဲ့ ကဗျာဆရာတွေအကြောင်းလည်း ခြွင်းချန်ထိန်ဝှက်တာမရှိပဲ ထည့်ရေးသွားတယ်။ အဓိကကတော့ အကျနာရရှာတဲ့ ကဗျာဆရာတွေအကြောင်း အမည်နာမနဲ့တကွ အမူကွန်းတင်လိုက်တာပေါ့။ ပြီးတော့ စစ်အာဏာရှင်တွေ လက်နက်ကိုင်တော့ အာဏာဟာ သေနတ်ပြောင်းဝက ထွက်ပေမဲ့ ကဗျာဆရာတွေ မလွှဲမရှောင်သာ တော်လှန်ရေးထဲ လက်နက်ကိုင်ရတော့ ကဗျာဟာ သေနတ်ပြောင်းဝက ထွက်တဲ့အကြောင်းလို့ ဆိုရမယ်။ ကဗျာကို လက်နက်သဖွယ် သုံးပြီး တိုက်ပွဲဝင်တဲ့ ကဗျာဆရာတွေရဲ့ ပြောင်းဝကလည်း ကဗျာထွက်သလို တိုက်ပွဲမြေပြင်မှာ တကယ်တမ်း ဝင်နွှဲရတဲ့ ကဗျာဆရာတွေရဲ့ သေနတ်ပြောင်းဝကလည်း ကဗျာပဲ ထွက်ပါလိမ့်မယ်။ အဲ့ဒီ သေနတ်ပြောင်းဝက ထွက်တဲ့ ကဗျာဟာ နှင်းဆီနံ့ မွှေးချင်လည်း မွှေးလိမ့်မယ်။ သပြေညိုရနံ့ ရချင်လည်း ရလိမ့်မယ်။ အသေချာဆုံးက ဓမ္မ၊ တရားမျှတမှုနဲ့ အမှန်တရားရဲ့ ရနံ့နဲ့ အရသာ ပါဝင်နေမှာသာ ဖြစ်ပါတယ်။